ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဘာသာရေး၊ သာသနာရေး၊ နာရေး စသည့် လူမှုရေးလုပ်ငန်းများကို စေတနာဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းအဖွဲ့များစွာရှိသည့်အနက် လပြည့်၊ လကွယ်နေ့တိုင်း စုပေါင်းဆွမ်းလောင်းလှူလေ့ရှိသည့် အလင်းရောင်ပရဟိတအသင်းသည် ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့ဖြစ်သည့် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နံနက်(၆း၃၀)နာရီအချိန်တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ အလင်းရောင်ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။





အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ( ၅၀ )ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ကိုရင် စုစုပေါင်း ( ၇၃၀)ပါးနှင့် သီလရှင်ဆရာကြီး၊ဆရာလေး စုစုပေါင်း ( ၅၆ )ပါးတို့မှ ကြွရောက်၍ အလှူခံတော်မူသည်။





 တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲတွင် စုပေါင်းပါဝင်လှူဒါန်းထားသည့် သင်္ကန်းများမှာ (၁၀၆၀)စုံ ရှိပြီး အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အလင်းရောင်ပရဟိတအသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ၊ အသင်းသားများအပြင် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ စုပေါင်း ဆွမ်းလောင်းလှူကြပြီးနောက် ၀ါဆိုသင်္ကန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။





ဆက်လက်၍ လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီးနောက် အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌ ဦးမြင့်ဦးမှ ယခုကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲအတွက် ပါဝင်၍ မတည်လှူဒါန်းကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Read More ...